အိမ်က ပိန္နဲသီးတွေတောင် အလုံးတော်တော်များများ ကြီးလာနေပြီ ဖြစ်၏။ တချို့ ခူးဆွတ်လို့ ရနေပြီ ဖြစ်၏။ အလုံးကြီးပြီး လှတာတွေကိုတော့ အိမ်နားက ဘုန်းကြီးကျောင်းကို ဦးဦးဖျားဖျား လှူလေ့ ရှိ၏။ ကျန်အလုံးတွေကိုတော့ အသိမိတ်ဆွေနှင့် အိမ်နားနီးချင်းတွေကိုပေး၏။ အိမ်လည်း စားပေါ့။
အိမ်က ပိန္နဲပင် အကြောင်းကတော့ မကြာခဏ ရေးဖြစ်နေတော့ ကျနော့် မိတ်ဆွေတွေလည်း သိသင့်သလောက် သိနေကြပြီ ဖြစ်၏။ ပိန္နဲသီးတွေက အရင်လို သီးပေမယ့် အရင်လောက် သိပ်မချိုတော့ဟု ထင်နေမိ၏။ အမေကတော့ ရာသီဥတုနှင့် လူတွေကြောင့်ဆိုပြီး မကြာခဏ ပြောလေ့ရှိ၏။ ရာသီဥတုကထား၊ လူတွေကြောင့်ဆိုတာက ဘယ်သူတွေကို ပြောတာလဲ။ အိမ်က လူတွေကပဲ အကျင့်သီလ မကောင်းနေသလိုလိုကြီးနဲ့။
ဒီရက်ပိုင်း အနံ့ရနေတာနဲ့ ဒီနေ့ မနက် ဆွမ်းလောင်းပြီး အသီးတွေ တချက် လိုက်စစ်ကြည့်၏။ တလုံး မှည့်နေ၏။ တလုံးက ပျော့နေ၏။ ခူးထားလိုက်၏။ အလုံးတွေတော့ တအားမကြီး။ သူ့ထက် ကြီးပြီး သူ့ထက် လှသည့် အလုံးတွေတော့ အပင်မှာ ကျန်နေသေး၏။ ဒါပေမယ့် ယခုအလုံးတွေကလည်း သူ့ဟာနဲ့သူတော့ ကြီးပြီး လှပါ၏။ ဘုန်းကြီးကျောင်း ပို့ရင်လည်းပို့ အမေကြိုက်ရာ လုပ်ပေါ့။
ဆွမ်းလောင်း၊ ပိန္နဲသီး ခူးပြီးတော့ ပြန်အိပ်၏။ တကျော့ပြန် အိပ်လို့ တဖန်ပြန်ထမယ့်အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းက phone ဆက်လာ၏။ အင်းထဲ ခြံကနေ နဂါးမောက်သီးတွေ ယူလာသဖြင့် စားရအောင် ပေးချင်လို့တဲ့။ သို့နှင့် ကျနော်လည်း အမေ့နား ခွင့်တောင်းရတော့၏။ မနက်က ခူးဆွတ်ထားသည့် ပိန္နဲသီး နှစ်လုံးကို သူငယ်ချင်းအား အရင် ပေးလိုက်မယ်ပေါ့။ နောက်ထပ် ထပ်မှည့်မှပဲ ဘုန်းကြီးကျောင်း ပို့မယ်လေဟု ပြောရ၏။
ထို့နောက် သူငယ်ချင်းနားက နဂါးမောက်သီး ယူပြီး ကိုယ်က ပိန္နဲသီး ပြန်ပေးပေါ့။ ဘုရားအရင် တင်မှာမို့ ရေဆေးထားလိုက်၏။ သစ်သီးဆွမ်းပေါ့။ နက်ဖြန် မနက် ဆပ်ကပ်လှူဒါန်းပါမယ်။ ပေးတဲ့ သူငယ်ချင်းလည်း ကုသိုလ်ရအောင်ပါ။