အမေနှင့် အစားအစာ

in HIVE-MYANMAR4 days ago

အမေသည် အသက်ကိုးဆယ်ကျော်ပြီဖြစ်သည်။
အမေ့အနီးမှာ တစ်ယောက်ယောက်အမြဲရှိနေပေးရသည်။
သူ့အနီးမှာ လူမရှိတာ ကြာသွားပါလျှင်
ဘယ်သူရေ ဘယ်ဝါရေဟု ခေါ်တတ်သည်။
အမေ့အနီးမှာ ညီမဖြစ်သူက အမြဲရှိနေတတ်သည်။
အမေသည် ယခင်က မာတာ၊ ကြွပ်တာ၊ ရွတာ
စသဖြင့် အစားအစာများကို စားသည်။

အမေက သွားသာမရှိတာ ဖော်ပြပါအစာများကို
သွားတု အံကပ်ဖြင့်ဝါးစားတတ်သည်။ တလောက
အမေ၏ သွားတုကို တာယာပွကြီးကြောင့်
ပဲ့သွားသည်။ သွားတုအံကပ်သည် ထိုပဲ့သွားသော
ကြောင့် ဝါးစားရသည့်အခါ အမေသည်
အဆင်မပြေပေ။ အံကပ်မှာ လေခိုသွားတတ်သဖြင့် ဝါးစားခြင်း၊
ရေသာက်ခြင်းများမှာ အနည်းငယ် အခက်ဖြစ်စေသလားမသိပေ။

ယခုနောက်ပိုင်း အမေသည် အစာမာသည်များကို
မစားတော့ပေ။ အထူးသဖြင့် လက်ဖက်၊ ဂျင်းနှင့်
အကြော်စုံများကို စားရာတွင် ပဲကြော်များကို
ရွေးပြီးစားခဲ့သည်။ လက်ဖက်နှင့် ဂျင်းကို စားသည်
ရှိယုံသာစားသည်။ ဂျင်းနှင့် ပဲကြော်စုံကို အမေက
ကြိုက်နှစ်သက်သည်။ အထူးသဖြင့် ပဲကြော်စုံကို
ပိုမိုနှစ်သက်စွာ ဝါးစားတတ်သည်။ ထိုအပြင်
အမေသည် တိုးဟူးကြော် ကြွပ်ကြွပ်ရွရွလေးများကိုလည်း
ကြိုက်ရှာသည်။ ရှမ်းခေါက်ဆွဲ ကိုလည်း အမေက ကြိုက်သည်။

သွားတု အံကပ်က ပဲ့သွားသည့်နောက် အစာမာများကို
မစားတော့ပေ။ သူမ ကြိုက်ခဲ့သော တိုးဟူးကြော်
ကြွပ်ကြွပ်ရွရွကိုပင် မာသည်ဟုပြောကာ
အပျော့ကိုသာ ရွေးဝယ် ပေးခဲ့ရ တော့သည်။
ယခုတလော တာယာပွကြီး၏ သင်္ဘောပင်မှ
သင်္ဘောသီးစိမ်းများကို သုပ်ကျွေးခိုင်းသည်။
အမေသည် သင်္ဘောသီးသုပ်များကို ထမင်းလွတ်
စားသည်။ ထိုသို့စားရာတွင် သူမ၏ အံကပ်ကို
ဖြုတ်၍ စားသည်။ ဆီးချို ရှိသော်လည်း အမေသည်
လက်ဘက်ရည်လေးလည်း မော့ချင်ပါသေးသည်။

အမေ အံကပ်တပ်စားပါ။ အစာတွေကို မဝါးပဲ
မြိုချရင် အစာမကြေပဲဖြစ်မှာပေါ့ဟု ပြောကာ
တပ်ခိုင်းရသည်။ အံကပ်သွားတု တပ်သည့်အခါ
သွားဖုံးများက နာသည်ဟုပြောသည်။ ဟုတ်ပေမည်
ယခုအခါက ဆောင်းရာသီဆိုတော့ အပူများကြွကာ
သွားဖုံးများက နာပေမည်။ အမေက ရေသောက်
နည်းသည့်အပြင် ရာသီအေး၍ နှစ်ရက် သုံးရက်မှ
ရေချိုးရသည်။ ထိုအခါ သွားဖုံးများက အပူများ၍
နာပေမည်။ အံကပ်မတပ်ပဲ ဒီအတိုင်း သွားဖုံး
များဖြင့် အစာများကို ဝါးကာမြိုချလေသည်။

ယနေ့မှာ အမေက မုန့်တီသုပ်စားချင်သည်ဆို၍
မုန့်တီသုပ်ကျွေးရသည်။ ကြက်သားကို ရေချို
ချက်ကာ သုပ်ကျွေးသည်။ အမေကသူစားချင်
သော အစာကို စားရသဖြင့် မုန့်တီသုပ်ကို
အားရပါးရစားသည်။ မုန့်တီသုပ် တစ်ပန်ကန်
ကုန်လေသည်။ မနက်ဆယ့်တစ်နာရီမှာ ကျွေးပြီး
၍ နေ့ခင်း နှစ်နာရီမှာ တခါထပ်မံကျွေးရန်ပြောသည်။
အမေသည် ပျော့ပျောင်း နူးညံ့သော
အစာများကို လည်း ကြိုက်ပြန်ပါသေးသည်။

@htwegyi
January 12, 2025

Sort:  

ဖွားဖွား စားနိုင် ကျန်းမာပါစေ။
!HUG
!MEME

အမေက စားနိုင်တော့ ကျန်းမာတယ်။


🎉🎉🥳 Congratulations 🥳🎊🎊


Your post has just been curated and upvoted by @Ecency , keep up the good work !

အမေကြီး နေကောင်း ကျန်းမာ ပျော်ရွှင်ပါစေ။
🥰