ဈေးဝယ်ခြင်း လေ့လာမှု။

in HIVE-MYANMAR3 days ago

ဈေးဝယ်သည်မှာ ပညာရပ်တခုပါ။ ယနေ့ အမနှင့်
ဈေးသို့ လိုက်ပါခဲ့သည်။ မနက်စာကို ဈေးအနီးရှိ
လက်ဘက်ရည်ဆိုင်မှာ စားလိုက်သည်။
လက်ဘက်ရည် တခွက်နှင့် ကြက်ဥပလာတာ
စားသည်။ မနက်စာ စားပြီ၍ ဈေးအတွင်း
ဝင်ရောက်ခဲ့သည်။ အမက သူ့သမီး ကျွန်တော်တူမ
အတွက် ပုစွန်ဝယ်သည်။ ပထမဦးစွာ ပုစွန်ရောင်းသူထံ မေးရာ အစိတ်သား တစ်သောင်းကျပ်ဟု
ပြောသည်။ ထိုဈေးသည်အနီး၌ ဈေးဝယ်သူ
များပြား၍ အပြန်မှ ဝယ်မည်ဟု စိတ်ကူး၍
ဈေးထဲ ဝင်ခဲ့သည်။

ဈေးအတွင်း ဝင်ရောက်ခဲ့ကြသည်။ မုန့်ညှင်း
စည်းကြီးများက လှ၍ ဈေးမေးရာ တစ်စည်း
နှစ်ထောင့်ငါးရာဟု ပြောသည်။ နှစ်ထောင်
ရရင် ကောင်းမယ် မုန့်ညှင်းပေါင်းစားရအောင်ဟု
အမကပြောသည်။ အားလူး အလုံးသေးလေး
များကို ဝယ်ရာ အစိတ်သားထောင့်ငါးရာ
ငါးဆယ်သားယူပါက နှစ်ထောင်ဟု ပြောသည်။
အားလူးငါးဆယ်သားဝယ်သည်။

ငရုပ်သီးခြောက်နှင့် ဆနွင်းတက်ရောင်းသည့်
ဈေးသည်မလေးက တိုင်းရင်းသူလေးဟု
ထင်ရသည်။ သူမက ကျွန်တော့်အမကို ဘာဝယ်
အုံးမလဲဟု မေးသည်။ အမက ဆနွင်း (နနွင်း)တက်
အစိတ်သားနှစ်ထောင်နှင့် ငရုပ်သီးခြောက်
အညှာခြွေပြီးသား ငါးထောင်ကို လေးထောင့်ငါးရာ
ဖြင့် ဆစ်၍ ဝယ်ခဲ့သည်။ ထိုနောက် အမ်းငွေ
ငါးရာကျပ်မရှိ၍ ဂျင်းနုရောင်းသော ဆိုင်မှ
ဂျင်းနု တစ်ဆယ်သား ထောင့်နှစ်ရာဖြင့် ငွေ
နှစ်‌ထောင်ပေးကာ ဝယ်သည်။ ပြန်အမ်းငွေ
ရှစ်ရာမှ ငါးရာကို ငရုပ်သီးရောင်းသူထံ
ပေးလိုက်သည်။

ထိုနောက် ဈေးအရှေ့ထိပ်ရှိ ပဲမြစ်ရောင်းသူထံ
ရောက်ပြန်သည်။ ပဲမြစ် အစိတ်သားနှစ်ထောင်
ဟုပြောသည်။ သူ့မှာ ရှိသော ပဲမြစ်အပုံက
သုံးဆယ်သားခန့်ရှိသည်။ နှစ်ထောင်ဖြင့် ယူသွားဟု
ပြောသည်။ အမက ယူပြီး ကန်စွန်ဥ၊ ပိန်းဥများကို
မေးပြန်သည်။ အစိတ်သားတထောင်ဟု ပြောသည်။
ခြောက်ဆယ်သားကျော်ကျော်ခန့်ရှိသည်။
နှစ်ထောင်ဖြင့် ပေးဟုပြော၍ ဝယ်ပြန်သည်။

ဈေးအလယ်ကြောရှိ ကြက်သွန်နီရောင်းသူထံ
ရောက်ပြန်သည်။ တပိဿာ တထောင့်သုံးရာဟု
ပြောသည်။ တပိဿာကို ရွေးကြပြန်သည်။
ကြက်သွန်နီကို ပြောင်ပြီး အညှောင့်မထွက်တာ
ရွေးဟု ပြော၍ ကူရွေးပေးရသည်။ ကြက်သွန်နီဝယ်ပြီး၍
အပြန်မှာ ပုစွန်ရောင်းသူထံဝင်ကြသည်။
ပုစွန်ဆိုင်မှာ ကျွန်တော်တို့မေးထားသော ပုစွန်အကြီးကောင်များ
မရှိတော့ပေ။ ပုစွန်အသေးများသာ
ကျန်တော့သည်။ ထို ပုစွန်အသေးလေးများကို
တဆယ်သား နှစ်ထောင့်ငါးရာဖြင့် ဝယ်ခဲ့ကြသည်။

ဈေးအပြင်ဘက်အတန်း ရောက်သောအခါ
ငှက်ပျောသီးရောင်းသူမှ အမကို ငှက်ပျောသီး
ဝယ်ပါအုံးဟုပြောသည်။ ငှက်‌ ပျောသီးမှည့်
တဖီးကိုနှစ်ထောင့်ငါးရာဟုပြောသည်။ နှစ်ဖီးယူပါက
လေးထောင်ပေးဟုပြောသည်။ သုံးထောင်ဖြင့်
ဆစ်ရာ သုံးထောင်ဖြင့် ပေးလိုက်သည်။
ငှက်ပျော်သီးမှည့်များကို အိမ်မှာ ဆီဖြင့်ကြော်စား
မည်ဟု အမက ပြောသည်။ ဈေးကအပြန်မှာတော့ အမက ငါဈေးဝယ်တာ မုန့်ဘိုးကို ခုနှစ်ထောင်ကျပ်ဖြစ်နေပြီ။ ဈေးဘိုးကို ပြန်မတွက်ရသေးဘူးဟု
ပြောလေသည်။

@htwegyi
December 13, 2025