@nweoomon ကို ပိုစ့်တင်ဖို့ ပြောသည်။
သူမက အလုပ်များနေသည်ဟု ပြောသည်။
ဘာအလုပ်တွေများနေလဲ မသိပေ။ ဂဏန်း
သင်္ချာ တွေ တွက်နေသလား။ သို့မဟုတ် မြေးထိန်း
နေရသလားမသိပေ။ အလုပ်မရှိတဲ့ ဘဝမှာ
ဟိုရောင်ရောင် ဒီရောင်ရောင် ရောင်ခြောက်ဆယ်သမား
ကိုယ်တွေကတော့ Hive ရှိ၍ တော်ပေသေးသည်။
@nweoomon ကို ပိုစ့်တင်ဖို့ အမြဲပြောသဖြင့်
နားငြီး၍ဖြစ်ပေမည်။ တနေ့က သူရေးထားသော
ပိုစ့်တခုကို ကျွန်တော်အား Viber မှ ပို့လာသည်။
5/2022 ခုနှစ်က သူမရေးသားထားသည်။
သူ hive မှာမတင်ဖြစ်၍ ယူသုံးပါဟု ပြောသည်။
သူမ၏မူရင်း ပိုစ့်အတိုင်း တင်လိုက်ရပါသည်။
တစ်နေ့မနက်ကပေါ့။

ကျမတို့ညီအမလေးယောက် နှစ်ပြကျော်မှာရှိတဲ့ ရှမ်းခေါက်ဆွဲ ဆိုင်ကို သွားစားကြတယ်။ အိမ်နား လေးမှာ ရှမ်းခေါက်ဆွဲဆိုင်တွေရှိပေမယ့် အဲ့ဆိုင်က အရသာ ပိုကောင်းလို့ တကူးတက သွားစားရတယ်။ ခါတိုင်းတော့ အိမ်ကတူမက သွားဝယ်ပေးပေမယ့် အဲ့နေ့မနက်ကတော့ ညီအမလေးယောက် ဆုံတွေ့တုန်းလေးဆိုပြီး လမ်းလျှောက်ရင်း သွားစားကြတယ်။
ရှမ်းသည်အမကြီးက ကျမအမဘာစားတတ်တယ်ဆိုတာ သိပေမယ့် ကျမတို့ကကျ အမြဲပြောင်းပြီး စားကြတော့ သူက ဘယ်လိုပြင်ပေးရမလဲ မမှတ်မိဘူး။
မှတ်မှတ်ရရ အဲ့နေ့က အားလုံးရှမ်းခေါက်ဆွဲ အခြောက်သုပ်ပဲ စားကြတာ။ အမကြီးကတော့ ဝက်သားနဲ့ ကျန်ကျမတို့ ညီအမသုံးယောက်က ကြက်သားနဲ့စားကြတယ်။ ရှမ်းခေါက်ဆွဲဆိုင်ကလည်း လူကျလိုက်တာ။ ကိုယ့်အလှည့် ရောက်ဖို့ တော်တော်စောင့်ရတယ်။ ရှမ်းဆိုင်က အကူကောင်မလေးတွေလဲ မနားရဘူး။
ဒါတောင် ကိုယ်တွေသွားတာ မနက်ခြောက်နာရီကျော်ပဲ ရှိသေးတယ်။ ကျမတို့တွေလဲ မုန့်ပွဲလာချတော့ ဝေ့ဝိုက် မနေတော့ဘူး။ ခပ်သုတ်သုတ်စားပြီး ငွေရှင်းဖို့ အကူကောင်မလေးကိုခေါ်လိုက်တယ်။
"ညီမလေးရေ ရှင်းမယ်နော်။ဘယ်လောက်ကျလဲ။"
ကောင်မလေးကြည့်ရတာ အသစ်ထင်ပါရဲ့။ ပုံစံက အူတူတူလေး။ ကျမတို့ ရှမ်းခေါက်ဆွဲကို ဘာနဲ့ ဘယ်လိုစားလဲ မမှတ်မိ။ ကျသင့်ငွေတွက်ခိုင်းတာကို အီး...အဲ လုပ်နေတယ်။ ဒါကိုဆိုင်ရှင်က လှည့်ကြည့်ပြီး မြင်သွားတော့ သူ့နေရာကနေ ကျမတို့ ဘာစားတယ်ဆိုတာ လှမ်းအော်ပြောပြတယ်။ အဲ့ခါကျမှ ကောင်မလေးက တွက်တတ်သွားပြီး ကျသင့်တန်ဘိုးကို ပြောပြလို့ ငွေရှင်းပြီး အိမ်ပြန်လာကြတယ်။
ကျမမှာသာ ဆိုင်ရှင်လှမ်းအော်ပြောတဲ့ စကားကြောင့် စိတ်ထဲ ခိုးလိုးခုလုကြီး ဖြစ်နေခဲ့တယ်။
သူလှမ်းအော်တာက "မမကြီးကဝက်၊ ကျန်တဲ့သူတွေကကြက်" တဲ့။

သူပြောတာလဲ တစ်ခုတော့မှန်ပါတယ်။ ကျမတို့အမကြီးက တော်တော်ဝတာ။ နောက်တစ်ခုကတော့ မမှန်ဘူးနော်။
အဲ့ဒါလာပြောတာ။
သူမ၏ ပို့စ်ကို ဖတ်ပြီးသကာလ။ ကွယ်လွန်သူ
ဆရာမောင်သာချို ၏ ဟောပြောပွဲမှ နားထောင်
ရသည်ဟု ထင်သလား။ ဆရာ ဦးဘုန်း (ဓာတု) ရဲ့ ဟောပြောချက်လားမသိတော့ပေ။ ဆရာများ၏
ပြောကြားချက်ကိုလည်း ပြန်လည် အမှတ်ရမိ
သည်။ မိန်းခလေးတဦးက ခေါက်ဆွဲဆိုင်တွင်
ခေါက်ဆွဲလာဝယ်သည်။ ခေါက်ဆွဲဆိုင်က ဝယ်ယူ
သည့်လူများသည်။ ထိုအခါ ကလေးမက စိတ်မရှည်၍ ထင်သည်။
"ဦးလေး ကျမ က ကြက်"
"ဦးလေး ကျမ က ကြက်"
ဟု သူ့ ခေါက်ဆွဲ အမြန်ရရန် နိုးဆော်နေသည်။
သူမ၏ အော်သံက ဘေးမှ ကြားရသူအပေါင်း
ပြုံးမိကြသည်ဟု နားထောင်ရဖူးပါသည်။
@htwegyi
September 12, 2025
