မင်းတို့ကိုလည် အပြစ်မတင်၊ ကိုယ့်ကိုကိုယ်သာ......။

in HIVE-MYANMARyesterday

အစား အစာ ဆိုသည်က စားကောင်းသည်ကို
အစားကောင်းဟုခေါ်ရမည်လား။ အကောင်းစား
အစား အစာကို ခေါ်သည်လားဆိုသည်ကို
စဉ်းစားမိသည်။ အစား အစာများကို စားသည့်
အခါမှာလည်း ဗိုက်ဆာသည့်အခါ စားရသည့်
အစာနှင့် မဆာသည့်အခါ စားရသည့် အစာများ၏
အရသာကလည်း ကွာခြားသည်။ ခင်ရာဆွေမျိုး၊
မြိန်ရာ ဟင်းကောင်း ဆိုသည့် စကားလည်းရှိ
ပေသည်။

အစား အစာများအကြောင်း ရေး‌နေရသည်က
YouTube မှာကြည့်မိသော ဗီဒီယိုတခုကြောင့်လည်း
ဖြစ်သလို။ တီဗီမှာ လွင့်သော နိုင်ငံတကာသို့သွားကာ
စာကောင်းသောက်ဖွယ်ရာများ ပြသသော ကိုရီးယား
ဘလော့ဂါများကြောင့်လည်းဖြစ်သည်။ တဖန်
မနေ့ညနေက မိတ်ဆွေများနှင့် မန္တလေးညဈေး
မှာ စားမိသော အစား အစာများအကြောင်းလည်း
ရေးချင်သောကြောင့်ဖြစ်သည်။

ယနေ့ ဘာရယ်ဟုတ်ဖူး YouTube မှာ အစားအစာ
များကို နာရီဖြင့် အချိန်မှတ်၍ အစားပြိုင်ပွဲပြုလုပ်
သည်ကို ကြည့်မိသည်။ ပုံမှန်ဆိုပါမူ ထိုသို့သော
ဗီဒီယိုများကို မကြည့်မိပေ။ ယခုကြည့်မိသည်က
အမျိုးသမီးနှင့် အမျိုးသား လူငယ်နှစ်ဦးပြိုင်ခြင်း
ဖြစ်သည်။ သူရို့စားသော အစာများက ကျွန်တော့်အမြင်မှာတော့
ပန်ကန်လုံးလေးများတွင် ငချိပ်ပေါင်းလို အရာများကို
ထည့်ထားသည်ဟု ထင်မိသည်။

ထိုသို့ပြိုင်ရာတွင် အမျိုးသမီးက ဦးဆောင်သည်။
သူတို့နှစ်ဦး စ စားသည့်နှင့် နာရီကိုနှိပ်ပြီး အပြိုင်စား
ကြသည်။ ခုနှစ်မိနစ်ကျော်မှာ အမျိုးသမီးက ပန်ကန်
ဆယ့်ငါးချပ်ကို စားပြီးအနိုင်ယူသွားသည်။
သူရို့နှစ်ဦှးယှဉ်ပြိုင်စားကြစဉ် အမျိုးသားက
စက္ကူဗူးနှင့်ထည့်‌သောဖျော်ရည်ကို သောက်သည်။
အမျိုးသမီးက ကိုကာကိုလာဖျော်ရည်ကို
သောက်သည်။ နှစ်ဦးသာ အစာများ စားလိုက်
ဖျော်ရည်များ သောက်လိုက်ဖြင့် အပြိုင်စား
နေသည်ကို ကြည့်၍ စိတ်မှာ တမျိုးဖြစ်လာသည်။
သူရို့ကို သနားသလို၊ ကိုယ့်ကိုကိုယ် သနားသလို။

ကိုယ်တွေ မနေ့ညနေကမှ မနော်ရမ္မံ၊ မြို့တော်ညဈေး
မှာ စားထားသည်ကို သတိရမိသည်။ ထိုညဈေး၏
အစား အစာများက ဈေးကြီးလှသည်။ ညဈေးသို့
လာကြသူများက ကိုယ်တွေမြန်မာများ နည်းလှသည်။
တရုတ်လူမျိုး ဘောင်ဘီတို၊ ရှည်ဝတ်များက များပြား
လှပေသည်။ ညဈေးရောင်းချသည်များကလည်း အပြင်မှာ
ရောင်းသော ဈေးထက် နှစ်ဆပိုများသည်ဟု
ထင်သည်။ အဘယ်ကြောင့်ဆိုသော် တမြန်နေ့က
မြို့ထဲသို့သွားစဉ် စားသောက်ဆိုင် တဆိုင်မှာထမင်းကြော်
စားသည်။ ထိုဆိုင်က စားကောင်းသည်
ဈေးလည်းသင့်သည်။ သုံးထောင့်ငါးရာကျပ်ဖြစ်သည်။

ယခု ညဈေးမှာစားသည့် ထမင်းကြော်က မြို့ထဲက ‌
ဆိုင်လောက် စားမကောင်းသည့်အပြင် များလည်း
မများပေ။ ရှစ်ထောင်ကျပ်ပေးရသည်။ ဒိန်ချဉ်၊
ငါးကင်၊ ကြက်ခြေထောက်ချက်၊ ထမင်းကြော်
နှစ်ပွဲနှင့် ရှမ်းအရည်ဖျော်များအတွက် စုစုပေါင်း
လေးသောင်းသုံးထောင်ကျပ်ကျသည်။ အိုးဝေ
ကားခ တစ်သောင်း စုစုပေါင်း ငါးသောင်းကျော်
မိတ်ဆွေများက ငွေရှင်းကြသည်။ ထိုငါးသောင်းက
ကိုယ်တွေအတွက် ငါးရက်စာ ဈေးဘိုးငွေဖြစ်သည်။
ညစာကို မတန်တဆ စားပိုးနင့်အောင် စားမိ၍
အစာမကြေပေ။ သို့ပေသိပေါ့လေ တခါတရံ ပြင်ပ
ဗဟုသုတ အတွေ့အကြုံလေးများလည်း ရတာပေါ့
ဟုသာ တွေးရပေမည်။

@htwegyi
October 2, 2025

Sort:  

ငါးသောင်းဖိုးတောင်ပါလား သွားရည်တောင် ယိုမိ၏

သူများဆီ ကပ်စားသူပါဗျာ။

!PIZZA ကျွေးဖို့ မေ့သွားလို့

PIZZA!

$PIZZA slices delivered:
@phyowinkoko7(2/10) tipped @htwegyi

Come get MOONed!

အရာရာ ‌ဈေးကြီးနေတော့ အပြင်မှာ စားဖို့ အတော်လေး ချင့်ချိန်နေရတာဗျို့။

အပြင်မှာ မစားတာ အတော်ကြာ။
ဒီရက်ပိုင်းမှသာ အပြင် အစား အစာ ထွက်ပြီး
စားဖြစ်တာဆိုတော့။

အင်း မန္တလေး... ဟိုးအရင်က တကယ်ပျော်စရာကောင်းတဲ့ မြို့ဗျ။ ၂၀၂၀ နောက်ပိုင်း အရာရာဟာ ပြောင်းပြန်ဖြစ်ကုန်တော့တာပဲ။