နည်းနည်းလေးတော့ လွဲနေတယ်။

in HIVE-MYANMAR17 hours ago

စနေနေ့ဆိုတော့ ထုံးစံအတိုင်း လမ်းထိပ်ထွက်၍
ဆွမ်းခံ ကိုရင်အတန်းကို ဆွမ်းလောင်းလှူသည်။
ကျွန်တော်ဆွမ်းလောင်းသည့် သံဃာများမှာ
ကိုရင်လေးများက အဓိကပါသည်။ ဦးပဇင်း
နှစ်ပါးက အရှေ့ထိပ်နှင့် အနောက်ပိတ်၍ လိုက်ပါ
ဆွမ်းခံကြွသည်။ ဒီနေ‌တော့ ဆွမ်းခံကိုယ်တော်များကို
စောင့်ရင်း လမ်းထိပ်ရှိ ကွမ်းယာရောင်းသူ
အမျိုးသမီးနှင့် စကားပြောကြသည်။

ဒီလိုပါပဲ အပတ်စဉ် စနေနေ့တိုင်း ကျွန်တော်က
ဆွမ်းလောင်းလှူဖို့ ဆွမ်းခံကိုယ်တော်များအတန်းကို
စောင့်ရင်း ထိုကွမ်းယာရောင်းသူ ကွမ်းသည်
မိသားစုနှင့် စကားပြောနေကြဖြစ်သည်။
သူတို့မိသားစုက လမ်းထိပ်မှာ ကွမ်းယာရောင်းရင်း
တဲထိုး၍ နေထိုင်သည်။ သူရို့တဲထိုးနေထိုင်သည့်
ဘေးကတိုက်ပိုင်ရှင်နှင့်လည်း ခင်မင်ရင်းနှီး
သည်။

ထိုတိုက်ပိုင်ရှင်က မြန်မာများဖြစ်သည်။
ယခုလို လမ်းမကြီးဘေး တိုက်ကြီးကြီး၊ ခြံကျယ်
ကျယ်ဖြင့်နေနိုင်သူ မြန်မာလူမျိုးကရှားပါ
သည်ဟု ပြောမိခဲ့ကြသေးသည်။ သို့ပေသိ
ကိုယ်တွေပြောပြီလို့ တနှစ်ခန့်အကြာမှာ
ထို တိုက်ကြီးကြီး၊ ခြံကျယ်ကျယ်ကြီးက
မြန်မာများသည် ရောင်းချသွားပါလေသည်။
ထိုသို့ရောင်းချသွားသည့်အခါ နောက်ပိုင်ရှင်
တရုတ်က ဘေးမှ ကွမ်းယာသည်မိသားစု၏
တဲကိုဖျက်ခိုင်းခဲ့သည်။

မြန်မာပိုင်ရှင်ကလည်း ထိုကွမ်းသည်မိသားစုကို
မုန့်ဘိုး ငွေငါးသိန်းပေး၍ သူရို့တဲလေးကို ဖျက်ပေး
ခိုင်းခဲ့သည်။ ယခုတော့ တဲလေးဖျက်ပြီးသော်လည်း
ကွမ်းယာဆိုင်လေးကို ဆက်လက်ရောင်းချခွင့်ပြု
ထားသည်။ သို့ပေသိ နောက်ဝယ်သူ တရုတ်ကလည်း
ထိုတိုက်ကို ဆက်လက်ရောင်းချပြန်သည်။
နောက်ထပ်မံ ဝယ်ယူသူက ကုမ္ပဏီဟု သိရသည်။
ထိုကုမ္ပဏီကတော့ တိုက်ကြီးကို ဖျက်ပစ်သည်။
သူရို့ကွမ်းယာဆိုင်ကိုလည်း ဖယ်ပေးခိုင်းပြန်သည်။

ဒီတော့ ကွမ်းယာဆိုင်က လမ်းတောင်ဖက်မှ
လမ်းမြောက်ဖက်သို့ပြောင်းရွေ့ပေးရသည်။
လမ်းမြောက်ဖက်က တရုတ်တိုက်ရှိသည်။
ထိုတရုတ်တိုက်က ရောင်းချခွင့်ပြု၍ တော်
ပေသေးသည်။ ကွမ်းယာရောင်းသူ အမျိုးသမီး
ကလည်း လည်လည်ဝယ်ဝယ်ရှိသူဖြစ်၍
ထိုလမ်းမြောက်ဖက် တရုတ်တိုက်၏ အမှိုက်ပုံး
များကို အမှိုက်ကားလာသည့်အခါ ပစ်ပေး
သည်။ အဝတ်အစားများလည်း လျှော်ဖွတ်ခိုင်း
ပြီးမုန့်ဘိုးများရသည်။

ထို ကွမ်းယာရောင်းသူ မိသားစုတွင် အမျိုးသမီက
ဦးစီးဦးဆောင်သည်။ အမျိုးသားက အေးဆေးသူ
ဖြစ်သည်။ တနေ့က ရပ်ကွက်အတွင်းရှိ လူအချို့ကို
အုပ်ကြီးက ခေါ်သည်။ ထိုသူတို့၏ အိမ်ထောင်စု
စာရင်းများကို တောင်းကာ အလှူပစ္စည်းများ
ဝေငှပေးသည်။ ထိုသို့ဝေငှရာတွင် ကွမ်းယာ
ရောင်းသူ အမျိုးသမီးလည်းရရှိသည်။ သူမတို့
မိသားစုတွင် အိမ်ထောင်စုစာရင်း မရှိပေ။
သို့ပေသိ မြောက်ဖက် တရုတ်တိုက်၏ အိမ်ထောင်စု
စာရင်းမိတ္တူကို ရရှိထားသည်။

ထိုမိတ္တူစာရင်းကြောင့် သူမက အုပ်ကြီး၏
လှူဒါန်းပစ္စည်းရရှိသူ လူစာရင်းနှစ်ဆယ့်ငါးဦးမှာ
ပါဝင်သည်။ သူမ ရရှိသောပစ္စည်းများအနက်မှ
ဖော်ပြပါ ဘီစကစ်ထုပ်ကို တအိမ်ထောင် အခု
ငါးဆယ်ရသည်။ သူမ ရရှိသော ဘီစကစ်မှ
တစ်ထုပ်ကို အမေ့အတွက် ကန်တော့လိုက်ခြင်းဖြစ်သည်။
ထို ဘီစကစ်များက ငလျင်ဒဏ်
ခံရသူများအတွက် လှူဒါန်းပစ္စည်းဖြစ်သလားမသိပါ။
ငလျင်ဒဏ်ခံရသူများက ရ မရတော့မသိပေ။
လောလောဆယ်မှာတော့ တခါမျှ မ‌စားဖူးသော
WFP ၏ဘီစကစ်ကို အမေ့ထံမှ စားခွင့်ကြုံသွား
ရသည်။

@htwegyi
April 19, 2025

Sort:  

ဒီလိုပါပဲလေ။