"တ ဖြည်း ဖြည်း လာချေပြီလေ"
"ဟံမယ် သီချင်းတအေးအေးနဲ့
ဘာတွေ တဖြည်းဖြည်း လာနေတာလဲဗျ"
ဦးထွေး တယောက် ခြံအတွင်းမှ ကျောက်ဖရုံပင်၊ ပဲသီးတောင့်ရှည်ပင်နှင့် ရှားစောင်းပင်များကို ရေလောင်းနေရင် သီချင်းညည်းနေသည်။
ထိုအချိန် သူ့မိတ်ဆွေရောက်လာကာ
ပြောပါလေသည်။
"ဘာတွေ လာတယ်ထင်လို့လဲဗျို့"
"ကျွန်နော်အထင် ပြောတာမဟုတ်ဘူးနော်
လက်တွေ့ကို သူတို့လေးတွေ လာနေပြီမို့လား။
သတင်းတွေမှာ တွေ့လိုက်ရတာ အားရချက်ဗျို့"
"ဟုတ် သဗျို့ သီချင်းအတိုင်းဆို ပင်လယ်တွေ
ဖြတ်သန်း ဆိုပေသိ၊ သူရို့လေးတွေက
ရိုးမကို လွှားကျော်လာကြပြီဗျ။ တောတောင်
တွေကို ဖြတ်သန်းပြီး မြေပြန့်ကို ရောက်ရှိလို့
လာကြပေပေါ့"
"သူတို့လေးတွေရဲ့ တာဝန်က ကျေပြွန်တဲ့
အပြင် ဟိုးဖက်ကိုတောင် ကျော်နေပါရော့လေ။
ဟော့ ခုတော့ ဂျန်လိဆိုတဲ့ ကျုပ်တို့အလှည့်
ကျရောက်လို့လာပေါ့"
"ဒီတော့ ဟိုဆရာတယောက်ရေးသလို
အဖေနဲ့သား၊ ဦးလေးနဲ့တူ တွေကို ပြန်ပြီး တိုက်ခိုင်း
နေသလိုဖြစ်နေပြီပေါ့"
"ဒီတော့ ကျုပ်တို့တွေ ဘာတွေလုပ်ကြဖို့၊
ဘယ်လိုတွေလုပ်ရမလဲ ဆိုတာ စဉ်းစား
ရတော့မယ်"
"ဟေ့လူ စဉ်းစားမနေနဲ့ ဟိုမှာ လာနေတာ
ဆယ်အိမ်ခေါင်း မို့လား။ သုံးငါး၊ ခြောက်ငါး
တွေ စာရင်းလာကောက်တာထင်တယ်"
ဆယ်အိမ်ခေါင်း လုပ်သူက အိမ်အတွင်းသို့
ဝင်လာရင်
"ဟေ့လူတွေ ခင်ဗျားတို့ကို စာရင်း လာကောက်တာ
ဗျို့၊ ရော့ အဲ့မှာ ဖောင်ဖြည့်ကြ"
အိမ်အတွင်းမှ ပြောနေသူ ကျွန်တော်နဲ့ မိတ်ဆွေမှာ
တဦးမျက်နှာ တဦးကြည့်မိကြသည်။
"ခင်ဗျားကြီးတို့က တယောက်မျက်နှာ
တယောက်ကြည့်ပြီး ဘာဖြစ်နေကြတာလဲ။
ရော့ ဒီမှာ၊ ဖောင်ဖြည့်ကြ။ လူငယ်တွေလို
ရှေ့တန်းမသွားရပါဘူးဗျာ။ ကိုယ့်ရပ်ကွက်မှာကိုယ်
လုံခြုံရေးယူရမှာပါ။ အခြေခံစစ်သင်တန်းတော့
တက်ရမှာပေါ့။ ကျုပ်တို့ သမ္မတကြီးက ခင်ဗျား
တို့ကို သေနတ်ပါထုတ်ပေးအုံးမှာ။ သေနတ်လည်း
ကိုင်ဖူး၊ ပစ်လည်း ပစ်းဖူးတာပေါ့။ ဘယ်လောက်
ကောင်းလဲ"
"ဘိုးတော်နှစ်ယောက် ဘာတွေ ကြံနေတာလဲ၊
ရုတ်ရုတ်တော့မလုပ်နဲ့နော့၊ ကျုပ်လူတွေ
ခေါ်လာပြီး နှစ်ယောက်စလုံး စစ်ကြောရေး
ပို့လိုက်ရမလား၊ အသက် တွေကြီးနေပြီး။
စိတ်တွေလျော့ကြ၊ ပထမအသုတ်မှာ မပါချင်ရင်
ဒါပေးထား"
ပြောပြောဆိုဆို ဆယ်အိမ်ခေါင်းဆိုသူက
လက်မနှင့် လက်ညှိုးဝိုင်းပြသည်။ ထိုသို့
ပြောရင်း ခြံအတွင်းရှိ ကျောက်ဖရုံပင်ကို
လှည့်ကြည့်လေသည်။
"ဟ ကျောက်ဖရုံတွေ သီးလှပါလား၊
ကြက်သားနဲ့ ချက်စားလို့ကောင်းမှာဗျို့
တလုံးပေးဗျာ"
ဆယ်အိမ်ခေါင်း ခေါင်းအလှည့်မှာ
သူ့ခေါင်းပေါ်သို့ ကျွန်တော် သည် အနီးရှိ
ဝါးလုံးဖြင့် အားရ ပါးရ ရိုက်ချလိုက်သည်။
"ဖြောင်း"
ဖြောင်းကနဲ့ အသံက ကျယ်လှပေသည်။
ဖြောင်းကနဲ့အတူ ကျွန်တော့်ဇက်ပိုးမှာလည်း
ပူကနဲ့ ဖြစ်သွားသည်။ နေ့လယ်ခင်း အိပ်မက်
မှာ ခြင်ကြားက ဂုတ်ပိုးကို တွယ်သည်။
ထို ဂုတ်ပိုးတွယ် ခြင်ကို ကျွန်တော့်အမက
အားရ ပါးရ ရိုက်ချလိုက်လေခြင်း ဖြစ်ပေ
တော့သည်။
@htwegyi
August 27, 2024