ယနေ့ အမေ့ ပင်စင်ထုတ်ရက်ဖြစ်သည်။
ထိုကြောင့် မြိုထဲသို့ သွားရသည်။ ယခုလမှာ
အမေ့ပင်စင်က သုံးသောင်းကျပ်တိုးသည်။
အမေက ပင်စင်ကို နှစ်လတခါထုတ်သည်။
ယခင်က တလတခါထုတ်သည်။ ထိုသို့ထုတ်ရာတွင်
ကျွန်တော်က အမေ့ကိုယ်စား သွားထုတ်ခြင်းဖြစ်သည်။
ယခင်က ပင်စင်ထုတ်ရာတွင် ကိုယ်စားလှယ်လွှဲစာ
ကို အလွယ်တကူ လက်မှတ်ထိုးပေးမည့်သူရှိသည်။
ထိုကြောင့် လစဉ်သွားပြီးထုတ်သည်။
နောက်ပိုင်းမှာ ကိုယ်စားလှယ်လွှဲစာကို လက်မှတ်
ထိုးသည့် လူက ပြန်တမ်းဝင်အရာရှိမှ ဆိုသဖြင့်
ကိုယ်စား မထုတ်ဖြစ်တော့ပေ။ နှစ်လတခါ
အမေ့ကို ကိုယ်တိုင်ခေါ်၍ ပင်စင်သွားထုတ်
ဖြစ်တော့သည်။ အမေကလည်း အိမ်ထဲမှာ
နေရတာပျင်းသဖြင့် ယခုလို နှစ်လတခါ အပြင်
ထွက်ရသဖြင့် ဝမ်းသာနေသည်။ အပြင်လည်း
ထွက်ရ ပိုက်ဆံလည်းရတော့ပျော်တာပေါ့ဟု
အမေက ပြောသည်။ သူ့ယောက်ျား ကျွန်တော့်
အဖေက အရိုးထဲထိ သူ့ကို လုပ်ကျွေးနေတာဟု
ပင်စင်ထုတ်တိုင်း အမြဲပြောသည်။

ယခုလ ပင်စင်က သုံးသောင်းတိုးသဖြင့် အမေ့ကို
မန်းမြို့တော်ပေါက်စီဝယ်ကျွေးရန် ကျွန်တော်ကပြောသည်။
အမေက အင်းအဲ မလုပ်ပေ။
အမေ့ကလည်း သုံးသောင်းတောင် တိုးတာ
ပေါက်စီလေးတော့ဝယ်ကျွေးပါဟု ကျွန်တော်က
ထပ်မံ တိုက်တွန်းသည်။ ထိုစဉ် တူမဖြစ်သူက
ရောက်လာပြီး အဘွားကလည်း ဝယ်ကျွေးလိုက်ပါ။
သုံးဘီးခ မပေးနဲ့ အဲ့အစား ပေါက်စီဝယ်ကျွေးပေါ့။
တူမ၏ အမျိုးသားက သုံးဘီးမောင်းသည်။
ယခင်လများက ဆီဘိုးဆိုကာ အမေက သုံးဘီးခကို
ငါးထောင်ပေးသည်။ ယခုလမှတော့ အမေသည်
ငါးထောင်မက ကုန်ပေသည်။ ကျွန်တော်၏ စနက်
ကြောင့် ဖြစ်ပေသည်။ ပေါက်စီ လေးလုံးကို
တစ်သောင်းကျပ်ပေးရသည်။ ရှယ်ပေါက်စီတလုံး
နှစ်ထောင့်ငါးရာဖြစ်သည်။ ရိုးရိုးပေါက်စီက
နှစ်ထောင့်သုံးရာလား နှစ်ရာလား မသိပေ။
နှစ်ရာ၊ သုံးရာလေးသာကွာသဖြင့် ရှယ်ပေါက်စီ
ကို ဝယ်ခဲ့သည်။

ပေါက်စီဘိုးကို အမေ့ရှေ့မှာ ရှင်းသဖြင့် အမေက
ငွေတစ်သောင်းကျပ်ကို နှမြောနေရှာသည်။
လူကြီးဆိုတော့ သားသမီးက စားချင်သည်ဟု
ပြောသဖြင့် ဝယ်ကျွေးရခြင်းဖြစ်ပေသည်။
ကျွန်တော်လည်း ပြောပြီး၊ ဝယ်ပြီး၊ စားပြီး
သည်မှ အမေ့ကို စိတ်ပြောင်းစေရန် အခြား
အကြောင်းအရာများပြောရသည်။
ပင်စင်ထုတ်သွားစဉ် လမ်းမှာ ကားတန်းရှည်ကြီးကို
တွေ့ရသည်။ ထိုကားတန်းက သိပ္ပံလမ်းမှ မန်း
တက္ကသိုလ်မိန်းအရှေ့ဖက်လမ်းကြားမှသည်
ပတ်ပြီးသကာလ။ မန်းတက္ကသိုလ်နှင့် ဗောဓိကုန်း
လမ်းကြားထိ ရှည်လျားလှပေသည်။ ဘာကြောင့်
ထိုသို့ ကားတန်းရှည်ကြီးရှိနေသလဲဟု စဉ်းစားမိ
တော့။ မန်းကညနမှာ ကားများ သက်တမ်းတိုးဖို့
အတွက် စီတန်းနေခြင်းဖြစ်ပေမည်ဟု ထင်ရ
ပေသည်။
အဲ့တာပြောတာပေါ့ အမေရ ကျုပ်တို့ ကားမရှိတာ
တော်သေး။ နို့မို့ အဲ့သလိုကြီး တန်းစီစောင့်နေရမှာ။
နော့ အမေရာ ဘာ ညာ ပြောဆိုပြီး အမေစိတ်ပြောင်း
သွားအောင် ပေါက်ကရပြောဆိုလိုက်ရပါလေသည်။
@htwegyi
October 24, 2025
