ထန်းသီး။

in HIVE-MYANMAR3 days ago

ထန်းပင် ထန်းတော လွမ်းမောစရာပင်။
ထန်းပင် ထန်းတော ဆိုသည်နှင့် အညာကို
ပြေး၍ မြင်မိကြပေမည်။ အညာနှင့် ထန်းက
ခွဲမရ ပူးတွဲ မြင်ကြရသည်။ ထန်းပင်စုစု ရှိပါမူ
အဲ့ဒါ အညာရွာ တရွာရဲ့ လိုဂိုဟု ပြောရပေမည်။
ထန်းပင် တပင်၏ အသုံးဝင်မှုကို သိလိုပါမူ
ဂူဂဲလ်သို့ ခေါက်ကြည့်ပါလေ။ ကျွန်တော်က
ထန်းပင်အကြောင်းကို သေချာစွာ မသိပါ။

သို့သော် ထန်းပင်မှ ရရှိသော အရာများကို
ကျွန်တော်သိသလောက် ရေးရပါမူ။
ပထမဦးစွာ ထန်းရည်ကို ရေးရပါမည်။ ထန်းရည်ဆိုသည်က ယမကာအမျိုးအစားတွင်ပါသည်။
ကိုယ်တွေက ထန်းရည်ကို သေချာမသောက်တော့
ထန်းရည်ရဲ့အရသာကို မသိပါ။ သို့ပေသိ
ထန်းရည်ချိုကိုမူ သောက်ဖူးသည်။ ထန်းရည်ချို
ဆိုသည့်အတိုင်း အတော်ချိုပေသည်။
ထန်းရည်ချို ကိုလည်း သောက်ဖူးသည်ရှိအောင်
သောက်ခြင်းဖြစ်သည်။ သူရဲ့ အရသာအချို
ကိုလည်း ကျွန်တော်က မကြိုက်ပါ။

ထန်းပင်မှ ရသော ထန်းလျှက်(ထညက်) ကိုတော့
ကြိုက်သည်။ ထမင်းစားပြီးပါလျှင် ထညက်ကလေး
တဖဲ့ကို ဝါးစားဖြစ်သည်။ သို့မှသာ ထမင်းစားခြင်း
ကိစ္စကို အပြီးသတ်သွားသည်ဟု ထင်မိသည်။
ထို ထညက်စားခြင်းကိုလည်း ယခု လေးနှစ်တာ
ကာလမှ စွဲစွဲမြဲမြဲ စားမိခြင်းဖြစ်သည်။ ယခင်က
ထညက်ကို စားဖို့ထက် လက်ဘက်ရည်သောက်ဖို့
ကို ဦးစားပေးရသည်။ ယခုအချိန်မှာတော့
လက်ဘက်ရည်ဘိုးက ဈေးမြင့်၍ ထညက်
ဖြင့်သာ အချိုသတ်နေရသည်။

ထန်းပင်မှရသည့် နောက်တခုက ထန်းပက်လက်ခုံဖြစ်သည်။ ထန်းလက်ဖြင့်ပြုလုပ်ထားသော နောက်ကျောမှီ
ထိုင်ခုံများက မြင်သူတိုင်းကို
ထိုင်ချင်စရာဖြစ်စေသည်။ သို့ပေသိ ထိုထန်းခုံ
များက ကြာရှည်စွာ ထိုင်ပါမူ ကျန်းမာရေးအတွက်
အန္တရာယ်ရှိသည်ဟု ကြားသိရသည်။ ထန်းပက်လက်
ထိုင်ခုံကို ထိုင်သည့်အခါ ခန္ဓာကိုယ်တခုလုံးက
ကြောရိုးပေါ်သို့ ဖိထားပြီး ဦခေါင်း၏ နောက်စေ့
ကလည်း ခုံ၏ နောက်တန်းဖြင့် ဖိထားသည်။
ထိုကြောင့် သွေးကြော၊ လေကြာများကို ပိတ်စေ
သလိုဖြစ်ကာ ကျန်းမာရေးအန္တရာယ်ဖြစ်စေ
သည်ဟု ဖတ်ရပြန်ပါသည်။

ထန်းခေါက်ဖာလေးများကတော့ ယနေ့ခေတ်မှာ
ရှားပါးပစ္စည်းဖြစ်သွားသည်။ ထိုပစ္စည်းကို တွေ့ဖို့ပင်
မလွယ်တော့ပေ။ ထန်းခေါက်ဖျာများကတော့
ရံဖန်ရံခါ တွေ့ရသည်။ ဟော့ ယခုလို ကဆုန်
လပြည့်ရောက်ပါမူ ထန်းသီးများက လှိုင်လှိုင်ပေါ
ပေသည်။ ကဆုန်လပြည့်နေ့တွင် တူမဖြစ်သူက
ထန်းသီးဆံကို တကူးတက သွားဝယ်စားသည်။
ထိုသို့ ထန်းသီးဆံ သွားဝယ်သည့်နေရာက
မန်းလေးတက္ကသိုလ်အနီးရှိ ဗောဓိကုန်းအရပ်သို့
ဖြစ်သည်။

ယနေ့ ကဆုန်လပြည့်နေမှာတော့ တူမသည်
ထန်းသီးဆံကို ဗောဓိကုန်းအရပ်သို့ သွားရောက်
မဝယ်တော့ပေ။ ဗောဓိကုန်းအရပ်က ကဆုန်
ညောင်ရေသွန်ပွဲတော် နှစ်စဉ်ကျင်းပသည်။
ယခုနှစ်မှာတော့ ငလျင်ဘေးကြောင့် ညောင်ရေ
သွန်းပွဲ ကျင်းပဖြစ်သလား မသိပေ။ ‌ဗောဓိကုန်းမှ
ထန်းသီးဆံက မြို့ထဲမှာဖြစ်သလို ညောင်ရေသွန်း
ပွဲကြောင့် ဝယ်ယူသူများသည်။ ထန်းသီးဆံက
ဈေးကောင်းသည်။ ယနေ့ တူမက ထန်းသီးဆံကို
ဦးပိန်တံတား ကန်ပတ်လမ်းမှာ သွားဝယ်ယူသည်။

ထန်းသီးကြီးများက ကြီး၍လှပသည်။ အလွယ်တကူ
စား၍ရအောင် ထန်းသီးကို ဓားဖြင့် အရာပေး
ထားသည်။ ထန်းသီးတလုံး ငါးရာကျပ်ပေးရသည်။

"ထန်းသီးတလုံး ငါးရာဆိုတော့ တန်တာပေါ့။
ထန်းပင်ပေါ် ငါတို့ဖြင့်မတက်နိုင်ပေါင်။
ငွေငါးရာနဲ့ ထန်းသီးဆံ စားရတာ ကံကောင်း
တာပေါ့"

ဟု အမေက ပြောဆိုကာ ထန်းသီးဆံ
များ စားနေပါတော့သည်။

@htwegyi
May 11, 2025