တလုပ် တရှုပ်။

in HIVE-MYANMAR22 days ago

ရာသီဥတုက ပူလာသည်။ နေ့မှာ အပူချိန်က သိသာ
စွာ ပူလာသည်။ ညမှာတော့ စောင်ခြုံပြီး ကွေးရသေးသည်။
တပို့တွဲလပြည့်မှာ ထမနှဲဆွမ်းကပ်ရင်း
ဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ခြေတော်
လက်တော်များကို မီးကင်ပေးရသည်။ ထိုကြောင့်
ဈေးတွင် မီးအိုးကင်းလေးများ ရောင်းချသည်။
ယခင်နှစ် တပို့တွဲလမှာ ယခုလောက် မအေးပေ။
ယခုနှစ် တပို့တွလပြည့်က အေးသည်။

ရာသီအေးပါမှ နို့မို့ ဘုရားကို ခြေတော် လက်တော်
နွေးအောင် မီးပူဇော်ရတာ အားနာစရာ။
ဟုတ်တယ်လေ ကိုယ်တွေတောင် ပူလာလို့
အနွေးထည်မဝတ်တာ။ အအေးဓာတ်မရှိပဲ ဘုရားကို
မီးလှုံခိုင်းရတာက မဟုတ်သေးဘူး။ ယခုနှစ်
တပို့တွဲ လပြည့်သည်က အေးသေးသမို့
မြတ်စွာဘုရားကို မီးပူဇော်ဖို့ အားနာစရာ မလိုတော့ပေ။

ထမနှဲ တလုပ်၊ နှပ် တရှုပ်ဟု ကြားဖူးသည်။
တပို့တွဲလသည် အေးသမို့ နှာရည်ယိုရွဲ တပို့တွဲ
ဟုလည်း ခေါ်ဆိုသည်။ ထိုကြောင့် ကလေးဘဝ
နှပ်တရှုပ်ရှုပ်နဲ့ ထမနှဲ ပလုပ်ပလောင် စားခဲ့ရတာ
မှတ်မိပြန်သည်။ ယနေ့ သောကြာနေ့ဖြစ်သည်။
ထမနှဲကို မနက်ဖန်မှ ထိုးရမည်။ မနက်ဖန်
ညနေမှ ညဖက်ထိုးကာ လပြည့်နေ့ မနက်စောစော
မှာ မြတ်စွာဘုရားအား ထမနှဲကပ်လှူကြသည်။

လပြည့်နေ့ မတိုင်မှီ ထမနှဲထိုးရမည်ဖြစ်သော်လည်း
တူမက သူ့တပည့်များကို ကျွေးချင်သဖြင့်
ယနေ့ သောကြာနေ့မှာ ထမနှဲထိုးသည်။
ကောက်ညှင်း နို့ဆီဗူး လေးဗူးဝယ်ကာ ထိုးသည်။
ထမနှဲထိုးဖို့ ဒယ်အိုးအသစ်ပါ ဝယ်ချလာသည်။
19လက်မ ဒန်ဒယ်အိုးကို အဖုံးအပါအဝင်
လေးသောင်းငါးထောင်ကျပ်ပေးရသည်။
ဒယ်အိုးကို အိုးကျင့်ရန်အတွက် ရေထည့်ကာ
ခဏ မီးဖိုပေါ်တင်ထားရသည်။ ရေနွေးများ
ပွက်လာသည့်အခါ သွန်ပစ်ပြီးမှ ဆီထည့်၍ ထမနှဲ
ထိုးခြင်းကိစ္စကို စတင်သည်။

ထမနှဲ ထိုးဖို့ သားအမိနှစ်ဦး မီးဖိုဘေးမှာ နေရာယူရင်း
စကားများနေကြသည်။ ဆီ အနည်းအများ၊ ရေအနည်း
အများ စသဖြင့် ဘယ်ရွေ့ ဘယ်မျှထည့်ရမည်ကို
ပြောကြသည်။ ထမနှဲအတွင်းထည့်ရန် အုန်းသီး
များကို အဖတ်လိုက်ရအောင် ခြစ်ကာ ဆီဖြင့်ကြော်
ထားသည်။ ကျွန်တော်က ထိုအုန်းသီကြော်ကို
မကြိုက်လှပေ။ အမေကလည်း ငါ့အတွက်
အုန်းသီး မထည့်နဲ့ဟု ပြောသည်။ ဟုတ်ပေမည်
လူကြီးဆိုတော့ အုန်းသီးက ချောင်းဆိုးမှာ ဆိုး၍
ပြောခြင်း ဖြစ်သည်။ ကောက်ညှင်းလေးဗူးက ထမနှဲ
နှစ်ပိဿာခန့်ရသည်။

အမေသည် ထမနှဲ မထိုးခင်က ထမနှဲစားချင်တယ်ဟု
အမြဲပြောသည်။ ယခု ထမနှဲထိုး၍ ကျွေးသောအခါ
တော်ပြီ ဝပြီ မစားချင်တော့ဘူး ချောင်းဆိုးလိမ့်မယ်
ဟုပြောသည်။ တဖန် တူမကို ညည်းတပည့်တွေ
ကျွေးမယ်ဆို ယူသွားလေဟုပြောသည်။ ထိုအခါ
တူမက အမေ့ကို ပြောသည်။ အမလေး အဘွားတို့က
စံ ပဲ သူလည်း ဝရော အခြားသူကို ကျွေးဖို့ သတိရတယ်။
ဟဲ့ ငါ ဘုရား ဆွမ်းတင်ဖို့လည်း သတိရပါတယ်အေ။
အမေပြောသံကြောင့် အားလုံး ဝိုင်းရယ်လိုက်ကြသည်။

@htwegyi
January 30, 2026

Sort:  

စားချင်စရာကြီး တလုပ် တရှုပ်
!LOLZ
!PIZZA

စားပြီး ရင်တွေပြည့်သဗျို့။

PIZZA!

$PIZZA slices delivered:
golden.future tipped htwegyi
@myanmarkoko(4/5) tipped @htwegyi

Learn more at https://hive.pizza.

ဟုတ်တယ်ဗျ။ အုန်းသီးဆိုလို့ ကျွန်တော် ဟိုတနေ့က တာကူကြိုထဲက အုန်းသီးတွေ အတော်များ စားမိလို့ထင်တယ် ချောင်းဆိုးလာတာ။
ဒီနှစ် ထမနှဲ မစားရသေးဘူး 😇

!PIZZA