မနေ့က အိမ်မှာ မုန့်ဟင်းခါးချက်စားသည်။
မုန့်ဟင်းခါးချက်စားဖို့ ငါး ဈေးမှာ ငါးဝယ်ခဲ့သည်။
မူလ ရည်ရွယ်ချက်က တူမဖြစ်သူသည်။ ဈေးချို့
သို့ သူမအတွက် အသုံးအဆောင်ပစ္စည်းများ
သွားဝယ်ခြင်းဖြစ်သည်။ ကျောင်းပိတ်ရက်ဖြစ်၍ ဈေးပတ်ခြင်းလည်းဖြစ်ပေမည်။ ဈေးချိုသို့ သွားရင်း ဈေးချိုအနောက်ဘက်ရှိ ငါးဈေးသို့ လမ်းကြုံဝင်ခဲ့သည်။ ငါးအုံတုံတပိဿာတစ်သောင်းလေးထောင်
ကျပ်ဈေးဖြင့် တစ်ပိဿာတစ်ကောင်ဝယ်ခဲ့သည်။

သားဈေး၊ ငါးဈေးများက တနေ့တမျိုး မရိုးရပေ။
အထက်သို့တက်နေသည်။ ကျပ်သားတပိဿာ
နှစ်သောင်းကျပ်ကျော်သွားသည်။ သို့နှင့်
ကြက်သားဘက်သို့ မလှည့်တော့ပဲ အခြား
အသား၊ ငါးများသို့ မျက်နှာပြန်မူရသည်။
တပိဿာငါးကို အမ က ကိုယ်တိုင်ကိုင်သည်။
ထိုငါးဈေးမှာ ငါးကိုင်ခိုင်း၍ရသည်။
တူမက မကိုင်ခိုင်းခဲ့ပေ။ ဘာလို့ ငါးမကိုင်ခိုင်း
တာလဲဟုမေးရာ။ ငါးကိုင်သူများက အပြောအဆို
မကောင်းသဖြင့် မကိုင်ခိုင်းခဲ့တာဟုပြောသည်။

တခါတရံ တူမသည်က ကလေးဆိုးကြီးဖြစ်သည်။
အိမ်ထောင်ကျသွားပေသည့် ရင့်ကျက်မှုမရှိသေးပေ။
အိမ်ထောင်ကျသည်ကလည်း တလပင်မပြည့်သေး။
ဆိုတော့ သူအချိန်တန်ရင်ဖြင့် သူ့ဟာနဲ့ သူဖြစ်
သွားပေမည်။ လူဆိုသည်ကလည်း အခက်သား။
နေလိုရသမျှနေသည်။ နေမရ မှသာ အစွမ်းအစ
ကို ထုတ်ကြသည်။ အထက်ပိုင်းမှ အမျိုးသမီး
တဦး၏ပြောစကားကဲ့သို့ပင်။ ထိုအမျိုးသမီးက
လူတွေ က ခြုံစရာရှိလို့ ချမ်းကြတာပါ။ ခြုံစရာ
မရှိလည်း ကိုယ့် လုံချည်နဲ့ ကိုယ် ကွေးနေရတာပတဲ့။
မှန်နေပြန်ရော။ ဟုတ်ပေသား။ ဘယ်လောက်ချမ်းချမ်း
ကိုယ့်မှာ ခြုံစောင်မရှိရင် ဘာနဲ့ သွားပြီ ခြုံရပါ့။
လူတို့သည် နေသာသည့်အခါ နေသာသလို နေသည်။
မနေသာသောအခါမှ အသည်းအသန်း မဟားဒရား
ဖြစ်ကြသည်။ ထိုအရာက မကောင်းပါ။ ကြိုတင်
ပြင်ဆင်မှုရှိသင့်ပေသည်။ ကိုယ်တွေလည်း
ထိုမဟားဒရားထဲမှာ ပါဝင်ပေသည်။ ယခုလို
စားရေးပိုစ့်တင်ပြီးသာ ရေးနေသည်။ ကိုယ်တွေလည်း
ပြင်ဆင်ရပေမည်။ အင်း ပြင်ရင်း ဆင်ရင်းနဲ့
သေမင်းတံခါဝအနီး ရောက်ရှိလို့လာနေသည်။

ရေးရင်းနဲ့ သေမင်း တံခါးတွေ ဘာတွေဖြစ်ပါပေါ့။
ငါးကိုင်သည်မှ ဆက်ကြအုံးစို့။ အမ က ငါးအုံတုံ
ကို ခုတ်ထစ်ကိုင်သည်။ ခေါင်းတခြား၊ ကိုယ်တခြား
ခွဲခြမ်းစိတ်ဖြာလိုက်သည်။ ခေါင်းနှင့် ကိုယ်တွင်း
ကလီစာများကို သပ်သပ်ဖယ်သည်။ ကိုယ်အသား
တုံးများကို မုန့်ဟင်းခါးချက်ရန်နှင့် ငါးပေါင်းရန်
ဖယ်ထားသည်။ ငါးကိုင်သည်ကလည်း ကျွမ်းကျင်
မှဖြစ်သည်။ သူ့အပိုင်းအလိုက် ခုတ်ထစ်မှသာ
အတုံးကောင်များရပေမည်။ နို့မို့ မကိုင်တတ်ပါမူ
အတုံးများ ပျက်ဆီးကာ အသားများကြေမွ
တတ်ပေသည်။
@htwegyi
November 3, 2025