နေရစ်ခဲ့တော့ 2025 ရေ

in HIVE-MYANMAR2 days ago

2025 ခုနှစ်၏ နောက်ဆုံးရက်ဖြစ်သည်။
ညအချိန်ရောက်ပြီဆိုပါလျှင် ရင်ခေါင်းသံကြီး
များဖြင့် ဟက်ပီးနယူးရီးယားဟု အော်သံများ
မကြားရတာ လေးနှစ်ကျော်ခဲ့ပေပြီ။ သို့ပေသိ
ထိုရင်ခေါင်းသံကြီး မကြားရသော်ငြား ဗျောက်အိုး
ဖောက်သံ အချို့ကို ကြားရသည်။ အမေက
ပြောသည်။ ဒီနှစ်ကူးတာက ကုလားတွေနှစ်ကူး
တာဟု ပြောသည်။

အမေတို့ငယ်စဉ်က အင်္ဂလိပ်နှင့် အိန္ဒိယစစ်သား
များကိုမြင်တွေ့ခဲ့ရသည်။ ထိုကြောင့် ထိုသူတို့ကို
အမေတို့က ကုလားဖြူ၊ ကုလားမဲဟုခေါ်သည်။
ကျွန်တော်တို့ မီးရထားတိုက်တန်းမှာ နေစဉ်ကလည်း
ဟက်ပီးနယူးရီးယားညများကို အမေက ဖြတ်သန်း
ခဲ့သည်။ ထိုသို့ဖြတ်သန်းခဲ့စဉ် ကျွန်တော်တို့နှင့်
အမျိုး မကင်းသည့် အပျိုကြီးတဦးရှိသည်။
သူမက တိုက်တန်း၏ အပျိုခေါင်းဆောင်တဦးဖြစ်သည်။

တန်ဆောင်မုန်း၊ သီတင်းကျွတ်ပွဲများ၊ သာရေးနာရေး
ပွဲများကို သူတို့အမျိုးသမီးအဖွဲ့ကဦးဆောင် ပြုလုပ် သည်။
သင်္ကြန်ပွဲများမှာ ကဲသလို။ ယခုလို
ဟက်ပီးနယူးရီးယားပြုလုပ်ရာမှာလည်း နယူးရီးယား
လိုက်ကြသည်။ ယခုလို သုံးဆယ်တစ်ရက်ည
ရောက်ပြီဆိုပါမူ အဖျော်ယမကာ၊ အကင်းများ
အစားအသောက်များဖြင့် ဆယ့်နှစ်နာရီကျော်သည်အထိ သောက်စားပျော်ပါး အော်ဟစ်ခဲ့ကြသည်။

ည ဆယ့်နှစ်နာရီထိုးသည့်အချိန် ညသံတိတ်ဆိတ်ချိန်မှာ
အပျိုကြီးတို့အဖွဲ့၏ မိန်းမအသံစွာတေလန်များနဲ့
ဟက်ပီးနယူးရီးယား ဟု အော်သံကို အမေက
ယနေ့ထိမှတ်သားထားဆဲဖြစ်သည်။ အပျိုကြီးတို့
အော်တဲ့နေ့၊ ကုလားတွေရဲ့ နှစ်သစ်ကူး‌နေ့
ရောက်ပြန်ပြီပေါ့ဟု ပြောသည်။ ယနေ့မှာ
ကျွန်တော်တူမက 2025 ခုနှစ်ကို မုန့်ဟင်းခါး
နှင့် ကြက်ကြော်များဖြင့် နှုတ်ဆက်ခွဲခွါသည်။

သူရို့လင်မယားနှင့် သူ့အမေ ကျွန်တော့်အမတို့က
မုန့်ဟင်းခါး၊ ကြက်ကြော်နှင့် ကိုလာ သောက်ကြသည်။
ကျွန်တော်က ရေနွေးကြမ်းသောက်သည်။
တာယာပွကြီးက ကြက်ကြော်တတုံးယူကာ ညနေ
အတွက် အမြည်းပြုလုပ်သည်။ နေ့လယ်မှနေ၍
ညနေခင်းအထိ တအိအိနဲ့ စားသောက်နေကြသည်။
အမေကလည်း မုန့်ဟင်းခါးတပွဲနီးပါး အားပေးသည်။
ကြက်ကြော်ကို မာသည်ဟုပြောရာ အနည်းငယ်သာ
စားသည်။ 2025 ခုနှစ်သည် မကြာခင်ကုန်ဆုံး
ပေတော့မည်။ လာမည့် 2026 ခုနှစ်မှာ ဘာတွေ
ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရပေမည်။
အားလုံးအတွက် နှလုံးစိတ်ဝမ်းငြိမ်းချမ်းသော
နှစ်ဖြစ်ပါစေ။

@htwegyi
December 31, 2025

Sort:  

မင်္ဂလာရှိသော ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ ဦးထွေးဗျ။

ဖြစ်ပါစေဗျာ။