ဆူးကလေးများနဲ့ အသီး။

in HIVE-MYANMARyesterday

မှဲ့ပြီဆို သူ့ရနံ့ကမွှေးကြိုင်နေသည်။ ချိုချိုအီအီ
သူ့မွှေးရနံ့သည်က ကြိုက်နှစ်သက်သူအတွက်
သွားရည်ကျစရာဖြစ်သည်။ သူအမည်က ပိန္နဲသီး
သူ့အသီးက အပြင်ဖက်မှာ ဆူးကလေးများနဲ့
ဖြစ်သည်။ သူ့ဆူးက လူကို စူးစေသည့်တော့မဟုတ်
အသားထဲ နစ်မြုပ်အောင်လည်း စူးသည့် ဆူးမျိုး
မဟုတ်။ သို့ပေသိ သူ့အပြင်ကိုတော့ ဆူးလေများဖြင့်
ကာရံထားသည်။

သူ့ဆူးက ဒူးရင်းသီး ဆူးကဲ့သို့လည်း ကြီးမားပြီး
ဆူးခြင်မရှိ။ ဒူးရင်းသီးဆူးက သူ့ထက် လူကို
အန္တရာယ်ပေးနိူင်သည်။ ဒူးရင်းသီးကဲ့သို့
သူ့အဆံက မကြီးပေ။ တနေ့က Facebook
မှာ တော်လှန်ရေး ခေါင်းဆောင် ကိုမာဝီ
ခွဲပြသော ဒူးရင်းသီး၏ အဆံ၊ အမွှာကြီးများက
ကြီးမား၍ လှပကာ စားချင်စရာကောင်းလှသည်။
ဒူးရင်းသီးကို ယနေ့ထိ စားဖူးခြင်းမရှိသေးပါ။
သူ့ရနံ့ကို မကြိုက်၍ မစားခြင်းဖြစ်သည်။

အမှန်တကယ်က ဒူးရင်းသီး၏ အနံ့ကို မကြိုက်ပေသိ
စားကြည့်၍ ကြိုက်သွားမှာကို စိုးရိမ်နေခြင်းဖြစ်သည်။
ထိုကြောင့် အနံ့ကို မကြိုက်၍ အသီးကို
လည်း စားဖူးခြင်း မရှိပဲ မကြိုက်ဟု အကြောင်းပြ
ခြင်းဖြစ်သည်။ ဒူးရင်းသီးတစ်လုံး၏ဈေးက
ကိုယ်တွေအတွက် တစ်ရက်စာ အသုံးစရိတ်ပင်
ကျော်ပေသည်။

ယခု ပိန္နဲသီးတစ်လုံး၏ဈေးကပင် တစ်သောင်း
ကျော်ပေးရသည်။ နှစ်သောင်းကျော်ပေးရသော
ပိန္နဲသီးအလုံးကြီးလည်းရှိသည်ဟု ပြောသည်။
တူမက ပိန္နဲသီးစားချင်သည်ဟု ပြောကာ သူ့
သူငယ်ချင်းကို စစ်ကိုင်းကမှာခြင်းဖြစ်သည်။
ပိန္နဲသီးက အအေးပိုင်းဒေသမှာ ပေါက်သည်က
များသည်။ သို့ပေသိ စစ်ကိုင်းဒေသတွင်လည်း
ပိန္နဲသီးပင်များကို တွေ့ရသည်။

စစ်ကိုင်းမြေက ကောင်းမွန်သဖြင့် ပိန္နဲသီး
သီးခြင်းဖြစ်ပေမည်။ ကျွန်တော့်အိမ်အရှေ့ဖက်ရှိ
တရုတ်ခြံအတွင်းမှာလည်း ပိန္နဲသီးပင်ရှိသည်။
သို့ပေသိ အသီးများက အောင်မြင်မှုမရှိပေ။
စစ်ကိုင်းနယ်အတွင်းရှိ စာရေးရွာဘုန်းကြီးကျောင်း
ဝင်းအတွင်း၌လည်း ပိန္နဲသီးပင်များကို တွေ့ခဲ့ရသည်။
ထိုဘုန်းကြီးကျောင်းဝင်းရှိ ပိန္နဲသီးကိုလည်း
စားဖူးခဲ့သည်။ အကြွတ်သီးဖြစ်ပြီး အဆံ၊ အမွှာ
များက ကြီး၍ စားကောင်းသည်။ ယခုတော့
ထိုစာရေးရွာသည်လည်း စစ်ဘေးသင့်၍
ပြေးလွှားနေရရှာသည်။

ပိန္နဲသီးသည်က စားကောင်းပေသိ အသီးကို
ခွဲရသည်က လက်ဝင်လှသည်။ ကျွမ်းကျင်သူများ
ကတော့ ခွဲရတာ အဆင်ပြေပေမည်။ ကိုယ်တွေလို
တခါတရံမှ ခွဲစားသူများအဖို့ အလုပ်များလှသည်။
ပိန္နဲသီး အစေးများက နေရာတကာကပ်သည်။
ထိုအစေးများကို မကပ်အောင် ဆီဖြင့် အသုံးပြု
ကာခွဲရသည်။ လူမှုကွန်ရက်မှာ တွေ့ရသော
ပိန္နဲသီး ခွဲပုံ ခွဲနည်းများက လွယ်ကူလှပေသည်။
အမှန်တကယ် ခွဲကြည့်ပါမူ လက်နှင့် ဓားမှာ
ပိန္နဲသီး အစေးဖြူများက နေရာယူထားကြသည်
မှာ ဆီဖြင့်ချွတ်၊ ဆပ်ပြာဖြင့် ဆေး၍ မပြောင်နိုင်အောင်ပေ။

@htwegyi
May 23, 2025